ဆယ်ကျော်သက်ကို ကျနော်ဘာပြောမလဲ(၂)

ကိုယ့်ခံစားချက်ကို ကိုယ်တိုင် ကိုင်တွယ်နိုင်ရမယ်

ဆယ်ကျော်သက်တစ်ယောက်နဲ့ စကားပြောဖို့ကြုံလာရင် ကျနော်က သူ့ကို ကိုယ့်ခံစားချက်ကို ကိုယ်တိုင် ကိုင်တွယ်နိုင်ရမယ်လို့ ပြောပါမယ်။ ကျနော်တို့ရဲ့ ခံစားချက်ဟာ အကြောင်းအရာ အများကြီးအပေါ် မူတည်နေပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အမှီသဟဲပြုနေထိုင်နေရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်ကို တစ်ယောက်ယောက်အပေါ်မှာ အလုံးစုံပုံအပ်လိုက်လို့ မရဘူးဆိုတာ သိဖို့ အရေးကြီးပါတယ်။ ပြောရရင် လောကမှာနေတဲ့အချိန် ကိုယ့်ခံစားချက်ကို ကိုယ်တိုင်ကိုင်တွယ်နိုင်မှသာ တော်ကာကျမယ်လို့ ပြောရပါမယ်။

ကျနော်တို့ရဲ့ ခံစားချက်တွေဟာ ကျနော်တို့ရဲ့ ပင်ကိုဗီဇတွေကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ပင်ကို ဗီဇဆိုတာ တချို့က ဒီအတိုင်းနေထိုင်ရင်းကို ပျော်နေတတ်တဲ့သူတွေရှိမယ်။ အဆိုးတွေကြုံရရင်လည်း တော်ရုံဝမ်းမနည်းတတ်တဲ့သူတွေ ရှိတတ်တယ်။ တချို့ကျတော့လည်း တစ်ခုခုကြုံလာတဲ့အခါ အဆိုးဖက်ကို အရင်မြင်တတ်တယ်။ ဝမ်းနည်းစရာတွေ၊ စိုးရိမ်စရာတွေကို အရင်တွေးမိပြီး ခံစားတတ်ကြတယ်။ ကိစ္စတစ်ခုခုကြုံလာတဲ့အခါ ကိုယ့်ရဲ့ပထမဆုံးတုန့်ပြန်မှုက ဘယ်ဖက်ကို အားသာနေသလဲဆိုတာကို ပြောချင်တာပါ။ ဘယ်တစ်ခုကတော့ ပိုကောင်းနေပါတယ်လို့ ပြောရခက်ပါတယ်။ တစ်ခုချင်းမှာကိုက အားသာချက် အားနည်းချက် တွေရှိနေတတ်လို့ပါ။ ဥပမာ အကောင်းဖက်ကိုပဲ အများစုတွေးပြီး ပျော်ပျော်နေတတ်တဲ့သူတွေက အပျော်တွေပေးတတ်တယ်၊ ကိုယ်တိုင်လည်း ပျော်အောင်နေတတ်လိမ့်မယ်။ တစ်ဖက်မှာလည်း ဒီလိုလူမျိုးက အကောင်းတွေပဲတွေးပြီး ဟာကွက်တချို့ကို မမြင်နိုင်တာမျိုးဖြစ်တတ်တယ်။ အဆိုးဖက်ကို တွေးတတ်တဲ့သူမျိုးကျတော့ အလွယ်တကူ ဝမ်းနည်းပြီး စိုးရိမ်စိတ်ကြီးတတ်ကြသလို ဒီလိုလူတွေက အားနည်းချက်တွေ၊ ဟာကွက်တွေကိုလည်း မြင်တတ်တယ်။ ကိုယ်ရဲ့နဂိုဗီဇက ဘယ်လိုပုံစံမျိုးလဲ ဆိုတာ ကိုယ်ကိုယ်တိုင်သိဖို့ အရေးကြီးပါတယ်။

တချို့သောခံစားချက်တွေက ကျနော်တို့ရဲ့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်ကနေ ဖြစ်ပေါ်စေတာမျိုးဖြစ်လိမ့်မယ်။ ကိုယ်ပြုစုပျိုးထောင်ခံခဲ့ရတဲ့မိသားစုက ကိုယ့်ခံစားချက်ကို ပုံသွင်းနိုင်သလို ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကလည်း ကိုယ့်ခံစားချက်အပေါ် သက်ရောက်မှုရှိတယ်။ ဥပမာ လူတစ်ယောက် ကိစ္စတစ်ခုကြုံလာရတဲ့အခါမှာ ဝမ်းနည်းလွယ်တာဟာ သူ့ဗီဇကြောင့်လည်း ဖြစ်နိုင်သလို သူ့မိသားစုအတွင်းက ဆက်ဆံပုံတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီနေရာမှာ မိသားစုနဲ့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ အထင်အမြင်တွေ၊ နောက် စီးပွားရေး၊ လူမှုရေးအခြေအနေ၊ ဥပဒေ၊ နိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးအခြေအနေတွေအထိ ပါလိမ့်မယ်။ ဒီထက်ပိုရင်တော့ နိုင်ငံအလိုက် ကမ္ဘာအလိုက် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ကိစ္စတွေက ကိုယ့်ခံစားချက်အပေါ်သက်ရောက်နိုင်တယ်။ ဥပမာ နည်းပညာတိုးတက်မှုတွေလိုမျိုးပေါ့။ ကိုယ်ဖတ်ဖူးတဲ့စာအုပ်တွေ၊ ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲက အတွေးအခေါ်တွေ၊ အဖြစ်အပျက်တွေလို တဆင့်ခံအတွေ့အကြုံတွေကလည်း ကိုယ့်ခံစားချက်ကို လွှမ်းမိုးနေနိုင်ပါတယ်။

ကိုယ်ရဲ့နေထိုင်ပုံ အမူအကျင့်တွေကလည်း ကိုယ့်ခံစားချက်အပေါ် သက်ရောက်မှုအများကြီး ရှိနေနိုင်ပါသေးတယ်။ နေ့စဉ်နေထိုင်ပုံကစလို့ အပတ်တိုင်း၊ လတိုင်း ကိုယ်လုပ်နေတဲ့အရာတွေ၊ ကိုယ်ဖြစ်နေတဲ့ပုံစံတွေက ကိုယ့်ခံစားချက်ကို အများကြီးပုံသွင်းပေးနိုင်တယ်။ ဥပမာ ကိုယ်နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေက ကိုယ်ခံစားချက်အပေါ် သက်ရောက်မှုရှိတယ်။ ကိုယ့်အလုပ်က ကိုယ့်ကို တက်ကြွစေတာ၊ အားပျက်စေတာ၊ ဖိအားများစေတာမျိုး ဖြစ်တတ်တယ်။ ကိုယ်နေ့စဉ်သောက်နေတဲ့ ဆေးလိပ်နဲ့ ဆေးခြောက်တွေက ကိုယ့်ကိုစိတ်ပြေပျောက်စေတာမျိုးဖြစ်စေနိုင်သလို စွဲလမ်းလာတဲ့အထိ ကိုယ့်ခံစားချက်အပေါ် သက်ရောက်နေတာမျိုးပေါ့။

နောက်ပြီး ကိုယ်ကြုံရတဲ့ ထူးခြားတဲ့အဖြစ်ပျက်တွေကလည်း ကိုယ့်ခံစားချက်အပေါ် သက်ရောက်မှုရှိစေနိုင်တယ်။ ခွဲခွာမှုတွေနဲ့ကြုံရတဲ့အခါ၊ နေရာပြောင်းရတဲ့အခါ၊ အထိတ်တလန့် အဖြစ်အပျက်တွေကြုံရတဲ့အခါ၊ သတင်းကောင်း သို့မဟုတ် သတင်းဆိုးတွေကြားရတဲ့အခါ လိုမျိုး ကိုယ်ကြုံရတဲ့အရာတွေကြောင့် ကိုယ်ဟာ ခံစားချက်တစ်မျိုးမျိုးကို ခံစားရနေနိုင်ပါတယ်။ ဒီလိုကိစ္စတွေဟာ တစ်ထစ်ချတည်းပြောဖို့တော့ ခက်ပါတယ်။ တစ်သမတ်တည်းမရှိနေလို့ပါ။ ကြိုတွက်ထားလို့ရတာတွေလည်း ရှိသလို ကြိုမသိနိုင်တာတွေလည်း ရှိပါတယ်။

နောက်အရေးကြီးတဲ့အချက်ကတော့ ကိုယ့်ရဲ့အသက်အရွယ်ပါ။ ဆယ်ကျော်သက်ဘဝမှာ အတွေးအမြင်သစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့အတူ ခံစားချက်တွေကလည်း မကြာခဏပြောင်းလဲနေတတ်ပါတယ်။ ဒါက ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ပဲ တခြားသောသူတွေလည်း ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းရတယ်ဆိုတာ သိဖို့လိုပါတယ်။ စိတ်တက်ကြွတာ၊ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေအပါအဝင် သေချင်စိတ်ပေါက်တာတွေအထိ ကိုယ့်ခံစားချက်တွေက ဖြစ်နေတတ်ပါတယ်။ ဒီလိုအသက်အရွယ်မှာ ချတဲ့ ဆုံးဖြတ်ချက်တွေကလည်း အရေးကြီးတာကြောင့် ပြင်ရခက်လွန်းတဲ့ အမှားကြီးကြီးမကျူးလွန်မိဖို့လည်း ဂရုစိုက်ရပါဦးမယ်။ ဒီလို ခံစားချက်အမျိုးမျိုး၊ အတွေးအမြင်အမျိုးမျိုးဟာ ဆယ်ကျော်သက်အရွယ်မှာ ပိုလို့ပြင်းထန်တတ်တယ်ဆိုတဲ့ သဘောတရားကို သိထားရင် ကိုယ့်ကိုယ်ကိုပိုနားလည်လာပြီး ကိုယ့်ခံစားချက်တွေကို ပိုပြီး ကိုင်တွယ်တတ်လာမှာပါ။

ဒီလိုအချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ကိုင်တွယ်ဖို့ အဓိကတာဝန်ရှိသူဟာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်ပါတယ်။ ကိုယ်ကြုံရတဲ့ အချက်တွေကို သေချာချင့်ချိန်စဉ်းစားပြီး ဘယ်လိုတုန့်ပြန်မှုမျိုးက အသင့်တော်ဆုံးဖြစ်မယ်ဆိုတာကို ကိုင်တိုင်ဆုံးဖြတ်သင့်ပါတယ်။ ပြီးတော့ ဒါကလည်း လေ့ကျင့်သင်ယူရမယ့်အရာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလို ကိုယ့်ခံစားချက်ကို ကိုင်တွယ်နိုင်တဲ့ အခြေအနေမရှိသေးဘူးဆိုရင်လည်း ရှိအောင် ကြိုးစားရမှာပါ။

ဒီလိုပြောနေတာဟာ ကိုယ့်ခံစားချက်တွေက ကိုယ့်အပေါ်မှာပဲ မူတည်တယ်လို့မဆိုလိုပါဘူး။ ဒါကိုလည်း အပေါ်ကပြောခဲ့တဲ့အချက်တွေမှာ ဖော်ပြပြီးပါပြီ။ ကျနော်တို့ဟာ ကိုယ်ကိုယ်တိုင်အပြင် ဘေးကလူ၊ ဘေးကကိစ္စတွေအပေါ် အပြန်အလှန် အမှီသဟဲပြုနေရတာပဲမို့ ခံစားချက်ကလည်း အပြန်အလှန်သက်ရောက်မှုရှိနေတာ အမှန်ပါ။ ဒါကို ပေးထားချက်လို့ ဆိုရင်ဆိုပါစို့။ ကျနော်တို့ဟာ ပေးထားချက်ကို ဘယ်လိုကိုယ်တွယ်ပြီး ဘယ်လိုတုန့်ပြန်သလဲဆိုတာကပဲ ကျနော်တို့ ဘယ်လိုလူလဲဆိုတာကို ပေါ်လွင်လာစေတာပါ။ ဒါကလည်း ကိုယ်ရဲ့ရှင်သန်ခြင်းဆိုင်ရာ အရည်အချင်းလို့ ပြောနိုင်ပါတယ်။

ကိုယ့်ခံစားချက်တွေကို ဘေးကလူတွေနဲ့ ဘေးကကိစ္စတွေအပေါ်မှာပဲ ပုံအပ်ထားတာဟာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့အနေအထားလို့ မဆိုနိုင်သေးပါဘူး။ ကိုယ့်ဘဝအခြေအနေနဲ့ သင့်တော်တဲ့အနေအထားတစ်ခုဖြစ်အောင် လုပ်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ။ ကိုယ့်ခံစားချက်အတွက် အရေးပါတဲ့ အဆုံးအဖြတ်တွေမှာ ကိုယ်ဟာ ဘယ်အတိုင်းအတာအထိ ကိုင်တွယ်နေနိုင်သလဲဆိုတာကို မဖြစ်မနေ သိဖို့လိုပါတယ်။ ဘဝနေထိုင်မှုအတွက် အင်မတန်အရေးကြီးတဲ့ စိတ်ကျေနပ်မှုဆိုတာကလည်း ဒီအချက်အပေါ်မူတည်နေပါတယ်။ ကျနော်တို့ဟာ ဘေးကအရာတွေနဲ့ လွတ်ကင်းနဲ့လူသားတော့မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်း ကိုယ်ရဲ့အတိုင်းအတာကို သိနေမှသာ သင့်တော်သလို အသက်ရှင်နိုင်မှာပါ။ ဒီလိုသိမှပဲ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်ကိုင်တွယ်ဖို့အတွက် စတင်နိုင်မှာပါ။ ဒါတွေကို ကျနော်ဆယ်ကျော်သက်အရွယ်မှာ တစ်ယောက်ယောက်များ လာပြောပြခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

ရေးသားသူ ~ Joseph

Want to say something? Comment!

Your email address will not be published. Required fields are marked *