(၁) ဝင်ငွေရတဲ့ အလုပ်တခုခုလုပ်ပါ
ဆယ်ကျော်သက်တစ်ယောက်နဲ့ စကားပြောဖို့ကြုံလာရင် ကျနော်က သူ့ကို သမ္မာအာဇီဝနည်းကျကျကြိုးစားအားထုတ်ပြီး ဝင်ငွေရတဲ့အလုပ်တခုခုလုပ်ပါလို့ ပြောမိလိမ့်မယ်။ သိပ်ပြီးအထူးအဆန်းတော့မဟုတ်ပေမယ့် ဆယ်ကျော်သက်အရွယ်မှာ ကြိုးစားလုပ်ခဲ့သင့်တဲ့အရာတစ်ခုလို့မြင်တယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လိုပါလိမ့်မယ်။ ဥပမာ ကိုယ်က အသက် ၁၈နှစ်မှာ ဝင်ငွေရှိတဲ့အလုပ်တစ်ခုလုပ်နိုင်ချင်တယ်ဆိုရင် အသက် ၁၆နှစ်လောက်ကတည်းက အနာဂတ်အမြင်တွေထားပြီး ဒီအတွက်လိုအပ်မယ့်အရည်အချင်းတွေကို ဖြည့်တင်းထားဖို့လိုပါတယ်။ ဒီအတိုင်းအတိအကျဖြစ်စရာမလိုပါဘူး၊ သဘောတရားကိုမြင်ရင် ရပါပြီ။
သမ္မာအာဇီဝကျကျ ဝင်ငွေရတဲ့အလုပ်ဆိုတာကို ဒီထက်ပိုပြီးအသေးစိတ်ပြောရရင်
- အရည်အချင်းတခုခုအပေါ်အခြေခံထားပြီး ကျွမ်းကျင်မှုရှိရမယ်
- တခြားသူကို ခေါင်းပုံဖြတ်တဲ့အလုပ်မဖြစ်သင့်ဘူး
- ကိုယ့်ဘဝရည်မှန်းချက်ကို အထောက်အကူဖြစ်စေတဲ့အလုပ် ဖြစ်သင့်တယ်
ဒီနေရာမှာ ဘာလို့ဝင်ငွေကိုထည့်ပြောရတာလဲ၊ အလုပ်ဖြစ်ရင် ရပြီမဟုတ်လားလို့ မေးစရာရှိပါလိမ့်မယ်။ ကျနော်ကတော့ ဝင်ငွေပါသင့်တယ်လို့ ပြောပါမယ်။ ကျနော်တို့ရဲ့အလုပ်အတွေ့အကြုံတွေမှာ ပိုက်ဆံမယူပဲ စေတနာစိတ်နဲ့ လုပ်ပေးတဲ့အလုပ်တွေဆိုတာ ကောင်းပါတယ်။ လိုလည်းလိုအပ်ပါတယ်။ လူတိုင်း ဒီအတွေ့အကြုံရှိသင့်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်လုပ်တဲ့အလုပ်ဟာ အကုန်မဟုတ်ရင်တောင် တချို့တပိုင်းကနေ ဝင်ငွေရနေသင့်ပါတယ်။ ဘာလို့လဲဆိုတော့
၁။ ငွေဝင်တဲ့အရသာကိုသိဖို့
လူဟာ ဝင်ငွေကြောင့်စိတ်တက်ကြွမှုတွေရတတ်တယ်။ အထူးသဖြင့် ကိုယ့်ပညာနဲ့လုပ်အားကြောင့် ငွေရရင် ပျော်ရတယ်။ ကိုယ့်အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ အသီးအပွင့်တွေလို့ ခံစားရတယ်။ လေးစားမှုတွေ၊ အသိအမှတ်ပြုမှုတွေလို့ ခံစားရတယ်။ ဒါ့အပြင် ဝင်ငွေနဲ့အတူ မာနတွေပါ ဝင်လာတယ်။ ဒီမာနကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလည်း တခါတည်းလေ့ကျင့်သင်ယူဖြစ်သွားမယ်။
၂။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့
ငွေဝင်တဲ့အခါ ငွေကို ကိုယ်တွယ်သုံးစွဲရပြီ။ ဘယ်လိုနည်းနဲ့ သုံးသွားမလဲဆိုတာတွေကို စီမံရင်း ရှေ့ဆက်ဘယ်လိုရပ်တည်မလဲဆိုတာတွေကို မြင်လာပါလိမ့်မယ်။ ဘယ်လိုဖြစ်ရမယ်လို့ အတိအကျသတ်မှတ်ဖို့မဟုတ်ပဲ အတွေ့အကြုံရှိသွားရင် ဘာဆက်လုပ်ရမလဲဆိုတာတွေကို မြင်လာမှာပါ။
ဆယ်ကျော်သက်အရွယ်လူငယ်သစ်အများစုဟာ တက်ကြွကြတယ်၊ ပေးဆပ်ချင်ကြတယ်၊ ပါဝင်ချင်ကြတယ်၊ ငွေကြေးကိုမကြည့်ပဲ အစွမ်းကုန်လုပ်ပေးတတ်ကြတယ်။ ဒါတွေဟာ တစ်ခုမှအကျိုးယုတ်တာမရှိပါဘူး။ အကုန်လုံးဟာ ကိုယ့်အတွက်အကျိုးကျေးဇူးရှိတာပါပဲ။ တစ်ဖက်မှာလည်း ကမ္ဘာမြေပေါ်မှာ လူတွေနဲ့ကျင်လည်ကျက်စားနေကြရတဲ့အတွက် ငွေရှိဖို့နဲ့ ငွေကိုရှာဖွေပြီး စီမံသုံးစွဲတတ်ဖို့ကလည်း ဆယ်ကျော်သက်အရွယ်မှာကတည်းက သင်ယူသင့်တဲ့ အရာတစ်ခုပါ။ ဆယ်ကျော်သက်အရွယ်မှာ အစွမ်းကုန်ပေးဆပ်ပြီး အသက်နှစ်ဆယ်ကျော်မှာ မွဲပြာကျနေတဲ့လူငယ်တွေလည်း အများကြီးပါ။ သူတို့တွေအတွက် စေတနာနဲ့တခုခုလုပ်ပေးမယ်ဆိုတာလည်း ရှားမှရှားပါပဲ။ ဒီလိုလုပ်ပေးဖို့ ဘယ်သူ့မှာမှလည်း တာဝန်ရှိနေတာမဟုတ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ဘဏ္ဍာရေးကို ဖြည့်တင်းရမှာပါ။ ကိုယ်သင်ယူခဲ့တဲ့အရည်အချင်း၊ ကိုယ်ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ ကိုယ်ရှာနိုင်ခဲ့တဲ့ ဝင်ငွေတွေက နှစ်ဆယ်ကျော်အရွယ်မှာ ကိုယ့်ဘဝရပ်တည်ရေးကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။ ဒါတွေကို ကျနော်ဆယ်ကျော်သက်အရွယ်မှာ တစ်ယောက်ယောက်များ လာပြောပြခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
ရေးသားသူ ~ Joseph