အနားမယူတတ်တဲ့မျိုးဆက်

ဖြတ်သန်းရတဲ့ခေတ်က လူကိုအတွေ့အကြုံတွေ အများကြီးပေးလိုက်သလို အကန့်အသတ်တွေလည်း ထားပေးလိုက်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ပုံဖော်တဲ့နေရာမှာ ခေတ်က အဓိကပရောဂအနေနဲ့ ပါဝင်နေပါတယ်။ ကိုယ်ကိုယ်တိုင်ဖြတ်သန်းရတဲ့ ခေတ်ထက် ကျော်လွန်ပြီးမြင်နိုင်ဖို့ဆိုတာ တော်တော်ကိုမလွယ်ကူတဲ့အရာပါ။ ခေတ်ကသတ်မှတ်ပေးလိုက်တဲ့ အကန့်အသတ်တွေဟာ လက်နဲ့ဆုပ်ကိုင်ပြလို့မရပေမယ့် အမှောင်တံတိုင်းကြီးလို အဲ့ဒီခေတ်က လူတွေကို အတိုင်းအတာ တစ်ခုထက်ကျော်လွန်ပြီးမြင်နိုင်ဖို့ ခက်ခဲအောင် ကာရံထားတတ်ပါတယ်။

ရှေ့မျိုးဆက်ရဲ့ ခေတ်တစ်ခေတ်ကို လေ့လာကြည့်ရင် စနစ်ကြီးက လူတွေကို အနားမယူနိုင်အောင် မောင်းနေပါတယ်။ ငတ်ပြတ်မသွားဖို့၊ လုံလုံလောက်လောက်စားသောက်ရဖို့၊ ဒီအတွက် အလုပ်အကိုင်ရဖို့၊ ရတဲ့အလုပ်မပြုတ်ဖို့ မနားမနေရုန်းကန်ကြရတယ်။ ဒီထက်ပိုမယ်ဆိုရင်လည်း ဂုဏ်ပကာသနတွေတည်ဆောက်ဖို့၊ အနှိမ်မခံရဖို့ဆိုတဲ့ အတွေးတွေနဲ့ အလုပ်လုပ်တတ်ကြပါတယ်။ ပညာသင်ရခြင်းဟာ ခေတ်ရဲ့အကန့်အသတ်နဲ့ ကိုယ့်ရဲ့အမြင်ကို ချဲ့ထွင်ဖို့ဆိုတာထက် ခေတ်ကပေးထားတဲ့ စနစ်အတွင်းမှာ လည်ပတ်နိုင်တဲ့ ခွေးသွားစိတ်တစ်ခုဖြစ်ဖို့ကို ပိုအာရုံစိုက်ရင် စိုက်ကြလိမ့်မယ်။ ဒီလိုလုပ်နေရတဲ့အချိန်မှာ အလွဲအချော်ဖြစ်သွားလို့ မရဘူး။ တစ်ခုခုလွဲချော်သွားတာနဲ့ အငတ်တွင်းထဲ ကျသွားနိုင်တယ်။ ဘဝပျက်သွားနိုင်တယ်။ အသက်ဆုံးရှုံးရနိုင်တယ်။ မှားခွင့်မရှိဘူး။ မှားခွင့်မရှိတော့ ပိုကောင်းတဲ့အရာတွေဖြစ်လာအောင်လည်း စမ်းမလုပ်ရဲတော့ဘူး။

ခေတ်ဟာ လူတွေကို ဒီလိုဖြစ်အောင် တွန်းပို့ပါတယ်။ ဒီတော့ လူတွေဟာ အနားမယူတတ်တော့ဘူး။ ဘယ်လိုအနားယူရမလဲဆိုတာမသိတော့ဘူး။ အနားယူတာကို အပြစ်တစ်ခုလိုတောင် မြင်လာတတ်ပါတယ်။ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်က အနားယူနေတာကိုလည်း မမြင်ချင်ဘူး။ အချိန်နဲ့ငွေဖြုန်းတီးနေတာလို့ မြင်လာတယ်။ ကိုယ်ကိုယ်တိုင်ကိုလည်း အနားမပေးကြဘူး။ အနားယူဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အချိန်နဲ့ငွေတွေကို နှာမြောလွန်းလာတယ်။ လူကို အနားပေးလိုက်ရင် ဖြစ်လာတဲ့ခံစားချက်ကို မကိုင်တွယ်တတ်တော့ဘူး။ တစ်ချိန်ကျရင်တော့ အနားယူမယ်ဆိုတဲ့မျှော်လင့်ချက်ကလေးရှိနေကြပေမယ့် နိုင်ငံရဲ့ပျမ်းမျှလူ့သက်တမ်း နှစ်၆၀ကျော်လောက်သာရှိတဲ့ ဒီနိုင်ငံကလူတွေမှာ တချို့က အလုပ်လုပ်ရင်း သေဆုံးသွားကြတယ်။ တချို့က အသက်အရွယ်တစ်ခုရောက်လာတော့ လုပ်နေတဲ့အလုပ်ကနေ အနားယူလိုက်ရလို့ ဘာဆက်လုပ်ရမှန်းမသိဖြစ်ကြရတယ်။ အနားယူမယ်ဆိုတဲ့အချိန်မှာ အထီးကျန်တဲ့ လူတစ်ယောက်အဖြစ်ပဲ ကျန်ခဲ့ပါတယ်။ တချို့ကလည်း ရောဂါတစ်ခုခုကို ကုသဖို့အတွက် နှစ်ပေါင်း၄၀လောက် မနားမနေအလုပ်လုပ်လိုက်ရတဲ့ပုံစံလည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ အဖိုးတန်ဆုံးသော အချိန်နဲ့ စွမ်းအင်တွေကို ဘယ်နေရာမှာ ဘာအတွက် အကုန်သုံးလိုက်တာလဲဆိုတာကို သေချာမဆန်းစစ်ဖြစ်တော့ဘူး။ ဆန်းစစ်ဖို့လည်းအချိန်မရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ဖို့ အခွင့်မပေးဘူး။

နောက်ပြီး အနုပညာကို ခံစားဖို့ အချိန်မပေးနိုင်တော့ဘူး။ အနုပညာဟာ လူကိုပျော့ညံ့စေတယ်လို့ မြင်လာတယ်။ အနုပညာဟာ ထမင်းမကျွေးနိုင်ဘူးလို့ ပြောရင်ပြောမယ်။ ဒီလိုနဲ့ အနုပညာကို မခံစားတတ်တော့ဘူး။ နှလုံးသားချင်း စကားမပြောတတ်တော့ဘူး။ ကိုယ့်ရင်ဘတ်ထဲက အရာတွေကို မပြောပြတတ်တော့သလို သူများရင်ဘတ်ထဲက ပြောတာတွေကိုလည်း နားမထောင်တတ်တော့ဘူး။

အနားမယူတတ်တဲ့လူတွေဟာ ခန္ဓာတင်မက စိတ်ပါ ပင်ပန်းမွန်းကြပ်လာပါတယ်။ ဒီလို လူရောစိတ်ပါ ပင်ပန်းမွန်းကြပ်နေတဲ့လူတွေက နောက်မျိုးဆက်တစ်ခုကို ပျိုးထောင်ကြပါတယ်။ ကိုယ်အနားမယူတတ်သလို နောက်မျိုးဆက်ကိုလည်း အနားမပေးဘူး။ မနားမနေ တစ်ခုခုကို လုပ်ခိုင်းတယ်။ နားမိလိုက်တဲ့ သူတွေမှာလည်း လူပျင်းလူဖျင်းတွေ ဖြစ်ရတော့တယ်။ အတူတူအပန်းဖြေတယ်ဆိုတာ မရှိဘူး။ အလုပ်ဟာ သားသမီးထက် အများကြီး အရေးကြီးနေတယ်။ အိမ်အပြင်က လူနဲ့ အိပ်အပြင်ကကိစ္စတွေက မိသားစုဝင်တွေရဲ့ ဘဝထက် ပိုအရေးကြီးနေတယ်။ အလုပ်အတွက် ဂရုတစိုက်လုပ်တတ်တဲ့လူက မိသားစုဝင်တွေကို ဂရုစိုက်ဖို့ လစ်ဟင်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

တချို့ဟာဆိုရင် အပြင်ကနေယူလာတဲ့ စိတ်မွန်းကြပ်မှုတွေကို အိမ်မှာပေါက်ကွဲတယ်။ အိမ်ထောင်ဖက်နဲ့ သားသမီးတွေအပေါ် ပုံချတယ်။ အမြဲတမ်းလိုလိုစိတ်ညစ်နေပြီး တစ်ခုခုဆိုရင် သောင်းကျန်းရမ်းကားဖို့ပဲ တာဆူနေတယ်။ ဒါတွေဟာ ခေတ်စနစ်နဲ့ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ပြင်ပလူတွေကြောင့်လည်းဖြစ်ရင်ဖြစ်မယ်။ ကိုယ်ကိုယ်တိုင်ရဲ့နေထိုင်ပုံ၊ အမူအကျင့်နဲ့ ပင်ကိုဗီဇကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူဟာ ပင်ပန်းလာတဲ့အခါ ခဏလောက်အနားယူလိုက်ဖို့ လိုတာပါပဲ။ တကယ်လို့များ အနားမယူပဲ ဘေးကလူတွေကိုပဲ ရမ်းနေမယ်ဆိုရင် ကိုယ့်စိတ်အခြေအနေကြောင့် လူတွေကို နိုင်ထက်စီးနင်း အသုံးချနေတာဖြစ်သွားပါပြီ။ ပိုဆိုးတာက ဒီလိုအမူအကျင့်တွေကို နောက်မျိုးဆက်တစ်ဆက်ကို လက်ဆင့်ကမ်းပေးလိုက်တာပါ။ ကိုယ့်သားသမီးက ဒီလိုပုံစံတွေဖြစ်နေမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကိုပဲ အရင်ကြည့်ဖို့လိုပါတယ်။

သေချာပြန်စဉ်းစားကြည့်ရင် အချိန်တစ်ခုမှာ မိသားစုဝင်တစ်ယောက်ကို ပေါက်ကွဲခဲ့တဲ့ အကြောင်းအရင်းက တကယ်ရော သူ့ကြောင့်ဖြစ်ခဲ့တာလားဆိုတာပါ။ ကိုယ်ပြောခဲ့တဲ့စကား၊ ကိုယ်ဆက်ဆံခဲ့တဲ့ပုံစံ၊ ကိုယ်ပြုမူခဲ့တဲ့ အပြုအမူတွေဟာ တကယ်ရော သူ့ကြောင့်ဖြစ်တာလား။ တကယ်လို့များ အကြောင်းအရင်းက သူ့ကြောင့်မဟုတ်ပဲ ကိုယ့်ကြောင့်သာအဓိကဆိုရင် သူ့ကို တောင်းပန်ဖို့ကောင်းပါတယ်။ ကိစ္စသေးသေးလေးတွေဟာ ပြေပြေလည်လည်ဖြေရှင်းလိုက်လို့ ရရဲ့သားနဲ့ ကိုယ့်ရဲ့ပင်ပန်းမွန်းကြပ်မှုတွေကြောင့် ပြဿနာကြီးကြီးမားမားဖြစ်လာတာဟာ တကယ်တော့ မိသားစုအတွင်းမှာ မလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်မို့လို့ပဲ လူဟာ အနားယူဖို့လိုအပ်ကြောင်း ထောက်ပြနေတာပါ။

ကျနော်တို့လူတွေက ပြည့်ပြည့်ဝဝအနားယူရတဲ့အခါ ကိစ္စသေးသေးလေးမပြောနဲ့ ပြဿနာကြီးကြီးမားမားဖြစ်လာရင်တောင် ပြေလည်အောင် ကိုယ်တွယ်ဖြေရှင်းနိုင်ကြပါတယ်။ ဒီအတွက်ကြောင့် ကိုယ်စီကရော၊ မိသားစုဝင်တွေနဲ့အတူရော အနားယူတတ်အောင် သင်ယူဖို့ လိုအပ်တယ်။ ဘာလို့သင်ယူတယ်လို့ပြောရသလဲဆိုတော့ ကျနော်တို့ဟာ အကန့်အသတ်ကြားထဲမှာပဲ အလွယ်တကူရှိနေတတ်လို့ပါ။ ကျနော်တို့အရာတိုင်းကို ချက်ချင်းမသိနိုင်ပါဘူး။ ခေတ်ရဲ့အကန့်အသတ်တွေ ရှိပါလိမ့်မယ်။ မိသားစုဝင်တွေအပါအဝင် ကိုယ့်ရဲ့ ပင်ကိုဗီဇအကျင့်စရိုက်တွေရဲ့ ကန့်သတ်ချက်တွေရှိနေပါလိမ့်မယ်။ ထိရောက်ပြီး အကျိုးရှိတဲ့ အနားယူခြင်းမျိုး ဖြစ်အောင် ကျနော်တို့အတူတကွ လေ့လာသင်ယူကြရမှာပါပဲ။ ဒီနေရာမှာ ကိုယ်သိထားတဲ့တရားသေအကန့်အသတ်ဘောင်ကြီးတစ်ခုအတိုင်း သားသမီးတွေကို တစ်ပုံစံတည်းဖြစ်အောင် ပုံမသွင်းမိဖို့အရေးကြီးပါတယ်။

ရေးသားသူ – Joseph

Watch on YouTube
Watch on Facebook

Want to say something? Comment!

Your email address will not be published. Required fields are marked *