မိသားစုအတွင်းက လေးစားမှု

မိသားစုအတွင်းက လေးစားမှုလို့ပြောတဲ့အခါမှာ ကျနော်တို့ဟာ လေးစားမှုကို ဘယ်လိုရှုမြင်ကြသလဲ ဆိုတာ အရင်ဆွေးနွေးဖို့လိုပါတယ်။ လူတစ်ယောက်ကိုတစ်ယောက်လေးစားတယ်ဆိုတဲ့နေရာမှာ အာဏာပါဝါကြောင့် ကြောက်တာကိုဆိုလိုတာလား၊ သူ့ရဲ့ဖြစ်တည်မှု၊ အရည်အချင်း၊ အတွေးအခေါ်နဲ့ အပြုအမူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လေးစားတာလားဆိုတာလည်း ကွဲပြားပါသေးတယ်။ နောက်ပြီး သားသမီးတွေကပဲ မိဘတွေကို တစ်ဖက်သတ်လေးစားမှုပြရပြီး မိဘတွေက သားသမီးတွေကို မလေးစားရင်လည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးဖြစ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးတွေဟာ ကိုယ့်ကိုယ်ကိုနဲ့ တခြားသူတွေကို လေးစားအသိအမှတ်ပြုတတ်ဖို့ မိဘတွေဆီကနေ အဓိကထားသင်ယူကြတာပါ။ တနည်းပြောရရင် မိဘက သားသမီးတွေကို လေးစားအသိအမှတ်ပြုတဲ့အတိုင်း သားသမီးတွေဟာ မိဘတွေကို လေးစားအသိအမှတ်ပြုကြတာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်လေးစားအသိအမှတ်ပြုမှုမရှိပဲ တစ်ဖက်စောင်းနင်းဖြစ်နေရင် ဖိနှိပ်ထားတဲ့အတွက်ကြောင့် ငြိမ်နေတာမျိုးပဲ ဖြစ်မှာပါ။ ဒါဟာ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်းက မိသားစုအတော်များများမှာ ကြုံတွေ့ရတဲ့ပြဿနာဖြစ်ပါတယ်။

Rechard Templar ရေးသားထားတဲ့ The rules of parenting ဆိုတဲ့ စာအုပ်ထဲက Treat your child with respect (သင့်သားသမီးကို လေးစားမှုပြပြီး ဆက်ဆံပါ) ဆိုတဲ့ အခန်းမှာ ပါတဲ့ အကြောင်းအရာနဲ့ ဥပမာတွေကို ကိုးကားချင်ပါတယ်။ စာရေးသူရဲ့ အသိ မိခင်တစ်ဦးက သူ့ကလေးတွေကို “နေ့လည်စာစားစမ်း” “ကားထဲဝင်စမ်း” “သွားတိုက်စမ်း”ဆိုပြီး အမြဲကြိမ်းမောင်းပြောဆိုတတ်ပါတယ်။ အဲ့ဒီမိခင်ကပဲ သူ့သားသမီးတွေဟာ သူများတွေကို ကျေးဇူးတင်စကားပြောတတ်ဖို့ သင်ပေးရတာ သိပ်ခက်တာပဲလို့ ညည်းညူပြန်ပါတယ်။ အဲ့ဒီမိခင်ဟာ သူ့ပြဿနာကို သူမမြင်နိုင်ဖြစ်နေပါတယ်။ ကလေးတွေဟာ သူတို့မိဘတွေက တခြားသူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သူတို့ကိုကျတော့ ကောင်းကောင်းမွန်မွန်မဆက်ဆံရင်လည်း သတိထားမိတတ်ကြပါတယ်။ တကယ်လို့များ မိဘတွေဟာ သားသမီးတွေကို ကောင်းကောင်းမွန်မွန်နဲ့ အပြုသဘောဆောင်ပြီး ပြောပြမယ်ဆိုရင် ပိုလို့ထိရောက်မှာပါ။

သားသမီးတွေရဲ့ ဘဝကိုလေးစားအသိအမှတ်ပြုတတ်ဖို့ဆိုတာ မိဘတွေအနေနဲ့ မဖြစ်မနေရှိသင့်တဲ့ သားသမီးပြုစုပျိုးထောင်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သားသမီးတွေကို ဘာလို့လေးစားအသိအမှတ်ပြုသင့်သလဲဆိုတော့ အနိမ့်ဆုံးအဆင့်အနေနဲ့ပြောရရင် သားသမီးတွေဟာ လူတွေဖြစ်နေလို့ပါပဲ။ အသက်အရွယ်မရွေး လူတိုင်းမှာ ကြုံတွေ့ရတဲ့ဘဝအတွေ့အကြုံတွေရှိကြပါတယ်။ မိဘတွေကြုံရတဲ့ အဖြစ်အပျက်တွေက ပိုကြီးလို့ ပိုအရေးပါပြီး သားသမီးတွေရဲ့အတွေ့အကြုံတွေက အရေးမပါဘူးဆိုတာမျိုးကလည်း အတော်ကို အတ္တကြီးတဲ့အမြင်ဖြစ်ပါတယ်။ သားသမီးတွေရဲ့ ဘဝလေးစားအသိအမှတ်ပြုခံသင့်ကြောင်းကို နိုင်ငံတကာ ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း နည်းဥပဒေတွေပြဌာန်းထားပြီး ကာကွယ်ပေးထားပါတယ်။

တကယ်တော့ သားသမီးနဲ့မိဘတွေဆိုတာ သာမန်အသိလူတွေဆိုတာထက်ကို အများကြီးပိုပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အပြင်လူတွေကို လေးလေးစားစားဆက်ဆံတယ်ဆိုရင် သားသမီးတွေကိုလည်း အပြင်လူတွေထက်မနည်းတဲ့ လေးစားအသိအမှတ်ပြုမှုနဲ့ ဆက်ဆံသင့်တာပါ။ သားသမီးတွေကို အသိအမှတ်ပြုပေးတတ်တဲ့ မိဘဟာ ပြည့်စုံနေတဲ့ လူသားမဟုတ်သည့်တိုင်အောင် သားသမီးတွေအတွက် ပြည့်စုံလုံလောက်အောင် ကောင်းနေတဲ့ မိဘတစ်ယောက်ပါပဲ။

မိဘတွေအနေနဲ့ သားသမီးတွေကို လေးစားအသိအမှတ်ပြုမှုပြပေးတဲ့အခါမှာ သားသမီးတွေကလည်း မိဘတွေကို ဘဝတစ်လျှောက်လုံး လေးစားအသိအမှတ်ပြုနေမှာပါ။ သားသမီးက မိဘကို ဆက်ဆံတဲ့ ပုံစံဆိုတာ တကယ်တော့ မိဘက သားသမီးကို ဆက်ဆံတဲ့ပုံစံရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။ လေးစားအသိအမှတ်ပြုမှုဟာ မိဘဖက်က စပြီး ပြသသင်ကြားပေးရပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ လေးစားအသိအမှတ်ပြုမှုကို ခံရတဲ့သားသမီးဟာ ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ လေးစားမှုပြသသင်ကြားပေးနိုင်တဲ့သူ ဖြစ်လာမှာပါ။ ဒါကြောင့် လေးစားအသိအမှတ်ပြုမှုကို ခံချင်တဲ့သူဟာ တခြားသူကို အရင်ဆုံး လေးစားအသိအမှတ်ပြုပေးတတ်ရပါမယ်။ ရှေ့ဆုံးမှာပြောခဲ့တဲ့အတိုင်းပဲ လေးစားမှုခံချင်လို့ အာဏာပါဝါပြပြီး အကြောက်တရားနဲ့ဖိနှိပ်အုပ်ချုပ်ထားတာဆိုရင် ဒီလူရဲ့ အရည်အချင်း၊ အတွေးအခေါ်နဲ့ အပြုအမူဟာ ဝေဖန်စရာ အများကြီးရှိနေပါပြီ။ လေးစားမှုဆိုတာ အပြန်အလှန်သွားတဲ့သဘောတရားရှိတာကြောင့် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမှာ တစ်ဖက်စောင်းနင်းဖြစ်ချင်လို့ပဲ မရပါဘူး။ ရရင်လည်း လေးစားမှုမဟုတ်ပါဘူး။ ကြောက်ရွံမှုကိုသာ ရမှာပါ။

ဒီစာ ကတော့ ဒီလောက်ပါပဲ။ ရှေ့ဆက် စာတွေမှာ သားသမီးတွေဟာ ဘာကြောင့်လေးစားအသိအမှတ်ပြုခံရသင့်သလဲ၊ သားသမီးတွေရဲ့အခွင့်အရေးအကြောင်း၊ သားသမီးတွေ မိဘတွေဆီက ဘာတွေမျှော်လင့်သလဲ၊ မိဘတွေက သားသမီးတွေကို ဘယ်လိုလေးစားအသိအမှတ်ပြုမှု ပြသပေးနိုင်မလဲဆိုတာတွေကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Facebook Page နဲ့ YouTube Channel ကို Follow and Subscribe လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။

ရေးသားသူ ~ Joseph

Reference:
Richard Templar. (2008). The Rules of Parenting: Treat your child with respect

Watch on YouTube
Watch on Facebook

Want to say something? Comment!

Your email address will not be published. Required fields are marked *