မိဘက သားသမီးတွေကို တံဆိပ်ကပ်ခေါ်လိုက်တဲ့အခေါ်အဝေါ်တွေက သားသမီးတွေရဲ့ဘဝအတွက် သိပ်ကိုအရေးကြီးသလို သားသမီးနဲ့မိဘဆက်ဆံရေးအပေါ်ကိုလည်း သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒီစကားလုံးအခေါ်အဝေါ်တွေက သားသမီးတွေရဲ့ ဘဝတစ်လျှောက်ကို လွှမ်းမိုးသွားနိုင်ပြီး သားသမီးက သူ့ကိုယ်သူဘယ်လိုမြင်သလဲဆိုတဲ့ အမြင်ကိုလည်း ပုံသွင်းပေးနိုင်ပါတယ်။ မိသားစုအတွင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသတ်မှတ်ခေါ်ဝေါ်နေကြသလဲဆိုတာကို ပြန်ဆန်းစစ်ဖို့လိုပါတယ်။
တချို့သောမိဘတွေဟာ သားသမီးတွေကို ခွန်အားဖြစ်စေတဲ့စကားတွေပြောဆိုတတ်ပါတယ်။ သားသမီးတွေရဲ့ဘဝကို အကျိုးဖြစ်စေမယ့် အခေါ်အဝေါ်တွေ သုံးနှုန်းတတ်ပါတယ်။ သားသမီးက ဒီလိုခွန်အားဖြစ်စေတဲ့စကားတွေကြားရတဲ့အခါမှာ မိဘအပေါ်လည်း ယုံကြည်မှုတွေ တိုးလာပြီး မိဘနဲ့သားသမီးကြား ဆက်ဆံရေးလည်း ပိုကောင်းလာပါတယ်။ အမှားကျူးလွန်မိတဲ့အခါနဲ့ ဒုက္ခတွေကြုံတွေ့ရတဲ့အခါမှာလည်း မိဘက ကိုယ်နဲ့အတူရှိနေတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်လို့ရပါတယ်။
တချို့သောမိဘတွေကျတော့ သားသမီးတွေကို အမြဲအပြစ်တင်ပြီး အဆိုးပြောတတ်ကြပါတယ်။ သားသမီးတွေကိုလည်း ဆိုးဝါးတဲ့စကားလုံးတွေနဲ့ ခေါ်ဝေါ်တတ်ပြီးတော့ သားသမီးတွေရဲ့ စိတ်ကို ထိခိုက်စေတတ်ပါတယ်။ ဒီလိုပြောဖန်များတဲ့အခါ သားသမီးကလည်း မိဘအပေါ်ယုံကြည်အားကိုးတဲ့စိတ်တွေနည်းလာပြီး သားသမီးနဲ့မိဘဆက်ဆံရေးကလည်း ဆိုးလာပါတယ်။ ကိစ္စတစ်ခုခုကြုံလာရရင်လည်း မိဘက ကိုယ့်အတွက်ရှိနေမှာမဟုတ်ဘူးလို့ မြင်လာတယ်။ မိဘနဲ့သားသမီးကြားမှာ ပွင့်ပွင့်လင်းလင်းလည်း မဆက်ဆံတတ်တော့သလို တစ်ခုခုဖြစ်ရင် မပြောပြတော့တာ၊ ကောင်းကောင်းမပြောတော့တာ၊ လိမ်ညာတာမျိုး ဖြစ်လာတတ်ပါတယ်။ ဆက်ဆံရေးတိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု မရှိတော့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက်လည်း အကောင်းမမြင်နိုင်တော့ပဲ အမြဲသံသယဝင်နေမှာပါ။
သားသမီးတွေကို အကောင်းဘက်ကပြောဆိုဖို့ တိုက်တွန်းနေတာဟာ သားသမီးတွေက အမြဲကောင်းတယ်လို့ဆိုလိုနေတာမဟုတ်ပါဘူး။ သားသမီးတွေ မှားတတ်ပါတယ်။ ဆိုးတတ်ပါတယ်။ မကောင်းတာလုပ်တတ်ပါတယ်။ သားသမီးတွေကလည်း လူတွေပါပဲ။ မိဘတွေက သားသမီးတွေကို အချိန်တိုင်း ထောက်ခံပေးနေစရာမလိုပါဘူး။ ဆိုလိုချင်တာက မိဘက သားသမီးကို အပြုသဘောဆောင်ပြီး ဆက်ဆံသင့်ပါတယ်။ မိဘက ဆက်ဆံတဲ့ပုံစံအတိုင်း သားသမီးက သင်ယူပြီး ဆက်ဆံတတ်လာလိမ့်မယ်။
သားသမီးတွေ တစ်ခုခုကို ကောင်းကောင်းမွန်မွန်မလုပ်တဲ့အခါ၊ ဒါမှမဟုတ် အမှားကျူးလွန်မိတဲ့အခါ မိဘက သားသမီးတွေရဲ့ အပြုအမူကို အဓိကဝေဖန်ထောက်ပြသင့်ပါတယ်။ မိဘတွေမလုပ်သင့်တာက သားသမီးတွေကိုယ်တိုင်ဟာ အမှားဖြစ်တယ်လို့ မသတ်မှတ်မိဖို့ပါ။ ဥပမာ – သားတစ်ယောက်က အလုပ်တစ်ခုကို ကောင်းကောင်းမလုပ်ဘူးဆိုပါစို့။ ဒီအချိန်မှာ မိဘတွေအနေနဲ့ ဘယ်လိုပြောမလဲဆိုတာကို ရွေးချယ်ရမှာပါ။ “အသုံးမကျတဲ့ကောင်” ဒါမှမဟုတ် “သားဒီတစ်ခါလုပ်တာ သိပ်မကောင်းသေးဘူး ဒီထက်ပိုကောင်းအောင်လုပ်လို့ရတယ်”။ ဒီစကားပြောဆိုပုံနှစ်မျိုးမှာ သင်ဆိုရင်ရော ဘယ်လိုပြောခံချင်မလဲ။ ဘယ်တစ်ခုက ပိုအကျိုးရှိမယ်လို့ ထင်သလဲ။ “အသုံးမကျတဲ့ကောင်” ဆိုတဲ့အသုံးအနှုန်းဟာ အဲ့ဒီသားသမီးကိုယ်တိုင်ကိုက အသုံးမကျတဲ့သူဖြစ်နေတယ်လို့ သတ်မှတ်ပေးလိုက်တာပါ။ “သိပ်မကောင်းသေးဘူး ပိုကောင်းအောင်လုပ်လို့ရတယ်” ဆိုတာမျိုးက ကိုယ့်သားသမီးကိုယ်တိုင်ဟာ အမှားဖြစ်နေတာမဟုတ်ပဲ သားသမီးကပြုလုပ်လိုက်တဲ့ အပြုအမူတွေက မကောင်းဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ အပြုအမူဆိုတာ ပိုကောင်းအောင် ပြင်ဆင်လို့ရပါတယ်။ သားသမီးကိုတော့ လူလဲပစ်လိုက်လို့ မရပါဘူး။ ဒီပုံစံနှစ်မျိုးကို သုံးဖန်များလာတဲ့အခါမှာ ရေရှည်မှာလည်း ဘယ်တစ်ခုက ပိုပြီးအကျိုးသက်ရောက်မှုကောင်းသလဲဆိုတာ လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။
ကောင်းတဲ့စကားလုံးတွေနဲ့ အမြဲခေါ်ဝေါ်ခံရတဲ့ သားသမီးတွေဟာ သူတို့ကိုယ်တိုင်ကိုလည်း အဲ့လိုကောင်းတဲ့စကားလုံးအတိုင်းမြင်လာပြီး အဲ့ဒီအတိုင်းအသက်ရှင်လာတတ်ပါတယ်။ ဆိုးတဲ့သူလို့ အမြဲခေါ်ဝေါ်သတ်မှတ်ခံရတဲ့ သားသမီးဟာ သူကိုယ်တိုင်ကိုက မှားယွင်းနေတဲ့လူလို့ မြင်လာတတ်ပြီး ကိုယ့်ကိုယ်ကို အမြဲအဆိုးမြင်နေတတ်ပါတယ်။ ဒီတော့ ကိုယ့်သားသမီးတွေကို ကောင်းတဲ့သူဖြစ်စေချင်တာလား၊ ဆိုးတဲ့သူဖြစ်စေချင်တာလားဆိုတာ ငယ်ရွယ်တဲ့အချိန်မှာကတည်းက သားသမီးတွေကို ခေါ်ဝေါ်ပြောဆိုတဲ့စကားလုံးတွေအပေါ်မှာ အများကြီးမူတည်နေတာကြောင့် မိဘတွေအနေနဲ့ အပြုသဘောဆောင်တဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေကို ရွေးချယ်ပြောဆိုတတ်ဖို့ အရေးကြီးကြောင်း ဒီကနေ ထောက်ပြချင်ပါတယ်။
ဒီစာကတော့ ဒီလောက်ပါပဲ။ ရှေ့ဆက်မှာလည်း မိသားစုဘဝအကြောင်း လူမှုဘဝအကြောင်းတွေကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်လို့ JM Life Facebook Page နဲ့ YouTube Channel ကို Like, Follow နဲ့ Subscribe လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။ ဒီအကြောင်းအရာတွေကို JM Life YouTube Channel နဲ့ Facebook Page ကနေလည်း Video အနေနဲ့ ကြည့်နိုင်ပါတယ်။
ရေးသားသူ ~ Joseph
Watch on YouTube
Watch On Facebook